ဗိုင်းရပ်စ် သတ်ပေးတဲ့ ဆော့ဝဲ – Avira Free Security

ကွန်ပြူတာ အသုံးပြုတဲ့သူတိုင်း တကြိမ်မဟုတ် တကြိမ်တော့ ဗိုင်းရပ်စ် ပြဿနာနဲ့ ကြုံကြရတဲ့သူ များပါတယ်။ ကိုယ့်ရဲ့စက်မှာ ဗိုင်းရပ်စ် ထိသွား၊ ဝင်သွားပြီဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ကို အနှောက်အယှက်ဖြစ်စေပါတော့တယ်။ ဒါ့ကြောင့် အခမဲ့လည်းဖြစ်ပြီး ကောင်းမွန်တဲ့ ဆော့ဝဲကို ညွှန်းပါဆိုရင်တော့ ဒီ Avira Free Security ဆော့ဝဲကို ညွှန်းပါရစေ။

ဘာကြောင့် ဒီ ဆော့ဝဲက ကောင်းရသလဲလို့ မေးရင်တော့ ကိုယ့်ရဲ့ အတွေ့အကြုံအရ ဖြေချင်ပါတယ်။ ကိုယ်တိုင်လည်း IT သမားတစ်ယောက်ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ကွန်ပြူတာကို ဗိုင်းရပ်စ်ရန်ကနေ တခြားသူတွေထက် ပိုပြီးတော့ ကာကွယ်တတ်မယ်ဆိုရင်လည်း မှန်တော့မှန်ပါတယ်။ ဒါပေမယ့်လည်း ကိုယ်တိုင်လည်း ဗိုင်းရပ်စ်နဲ့ ဒုက္ခလှလှ တွေ့ဖူးပါတယ်။ ဒီတော့ ဒီ Avira ဆော့ဝဲကို သုံးလာတာ ၇ နှစ် သက်တမ်းလောက် ရှိပြီလို့ ဆိုနိုင်ပါတယ်။ တကိုယ်ရည်သုံး ကွန်ပြူတာတွေအတွက် ပိုပြီးတော့ အဆင်ပြေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ လူတကာ သုံးနေတဲ့ ကွန်ပြူတာဆိုရင်တော့ ဗိုင်းရပ်စ်အန္တရာယ်နဲ့ ပိုပြီး နီးစပ်နိုင်ပါတယ်။ ကိုယ်တိုင်ကလည်း Windows ပဲ သုံးနိုင်သေးတဲ့ သူတစ်ယောက်ဆိုတော့ Microsoft က Windows Defender ကို သိပ်ပြီးတော့ မကြိုက်ပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ သုံးကြည့်တဲ့အခါ ဗိုင်းရပ်စ်ကို ခုခံတဲ့ နေရာမှာ တော်တော်လေး အားနည်းနေတာကို ကြုံခဲ့ရလို့ပါပဲ။

နောက်တစ်ချက်က ကိုယ်သုံးနေတဲ့ Windows က 10 မဟုတ်သေးဘူးဆိုရင်တော့ စပြီး ပြောင်းလဲ သုံးသင့်ပါပြီ။ ဘာလို့လည်းဆိုရင်တော့ Windows 10 က သူ့ရဲ့ OS ဖိုင်တွေကို အရင်ဗားရှင်းတွေထက် ပိုပြီးတော့ ကာကွယ်နိုင်တယ်ဆိုတာပါပဲ။ ဒီအချက်တစ်ခုနဲ့တင် ပြောင်းသုံးစေချင်တာပါ။ စပြီးသုံးတဲ့အခါ သုံးရတာ အဆင်မပြေဖြစ်တတ်ပေမယ့် ကျင့်သွားရသွားလိမ့်မယ်လို့ ပြောချင်ပါတယ်။ ဒီ Avira ဆော့ဝဲကို သုံးမယ်ဆိုရင် တခြား feature တွေလည်း အသုံးဝင်တဲ့အတွက် ကိုယ်နဲ့ သင့်တော်မယ်လို့ ထင်ပါတယ်။ အဲဒီထဲက ကိုယ်အကြိုက်ဆုံးတွေကတော့ VPN ဆိုတဲ့ ကိုယ်ရဲ့ အိုင်ပီလိပ်စာကို ဖွက်ပြီး တခြားနိုင်ငံက အိုင်ပီလိပ်စာနဲ့ အင်တာနက် သုံးတာရယ်၊ Optimizer လို့ခေါ်တဲ့ ကွန်ပြူတာကို စွမ်းဆောင်ရည် ကောင်းလာအောင် လုပ်ပေးတာရယ်ပါ။

Avira ကတော့ ဂျာမနီနိုင်ငံ ကုမ္ပဏီတစ်ခုက ထုတ်တာပါ။ အခမဲ့ ပေးထားတဲ့ ဗားရှင်းနဲ့တင် ကိုယ့်တကိုယ်ရည်သုံးအတွက် လုံလောက်တယ်လို့ မြင်မိပါတယ်။ အဆင့်မြင့်ဗားရှင်းကို ဝယ်သုံးမယ်ဆိုရင်တော့ ၁ နှစ်ကို ၁ သိန်းလောက် ပေးရမယ်ထင်ပါတယ်။ ၁ သိန်းလို့ ဆိုပေမဲ့လည်း စပြီး သုံးတဲ့သူတွေအတွက် လျော့ဈေးတွေ ရှိတာတွေ့ရပါတယ်။ နောက်တစ်ခုက ရှေ့မှာ ပြောခဲ့သလို VPN နဲ့ Optimizer တွေလည်း အကန့်အသပ်မရှိ သုံးနိုင်မှာဆိုတော့ တန်တယ်လို့တော့ ထင်ပါတယ်။ ဝယ်သုံးချင်တယ်ဆိုရင်ပေါ့။ နောက်တစ်ခုက ရက် ၃၀ ဗားရှင်းအပြည်အစုံကို စမ်းသုံးကြည့်လို့ရပါတယ်တဲ့။ ကိုယ်တိုင်တော့ ဝယ်သုံးမယ်လို့ စိတ်မကူးသေးပါဘူး။ မလိုအပ်သေးတဲ့အတွက်ရယ်၊ ကိုယ့်အတွက် အခမဲ့ဗားရှင်းနဲ့ အဆင်ပြေနေတာကြောင့်ပါ။ ဒီတော့ စိတ်ဝင်စားလို့ စမ်းသုံးကြည့်မယ်ဆိုရင်တော့ အောက်ကလင့်ကနေတဆင့် သွားရောက်ဒေါင်းယူပြီး သုံးကြည့်နိုင်ပါတယ်နော်။ ဗိုင်းရပ်စ် ဒုက္ခမပေးနိုင်အောင်လို့။ ကိုယ်တိုင်လည်း ဒီ ထီးကလေးနဲ့ ဆောင်းကြည့်တာ အဆင်ပြေတော့ အများကိုလည်း ဒီ ထီးကလေး ဆောင်းကြည့်ဖို့ အကြံပြုကြည့်တာပါ။

မှတ်ချက်။ ။ ထီးကလေးဆိုတာ Avira Free Security ဆော့ဝဲရဲ့ အမှတ်တံဆိပ်ပုံကို ဆိုလိုတာပါ။

Website Link
https://www.avira.com/en/free-antivirus-windows